အကြီးမားဆုံးလက်ဆောင်
ကမ္ဘာလောကကြီးထဲမှာရှိတဲ့ သက်ရှိသတ္တဝါတွေထဲမှာ လူသားဟာ
မပြည့်စုံဆုံးလို့ဆိုပါတယ်။ ငှက်လိုလည်း မပျံနိုင်ဘူး။ ကျားသစ်လောက်လည်း
မပြေးနိုင်ဘူး။ မိချောင်းလိုလည်း ရေမကူးနိုင်ဘူး။ မျောက်လိုလည်း
သစ်ပင်ပေါ်မတက်နိုင်ဘူး။ လူသားမှာ လင်းယုန်ငှက်လို မျက်လုံးမျိုးလည်း
မရှိဘူး။ ကြောင်လိုလက်သည်းနဲ၌ သွားမျိုးတွေလည်းမရှိဘူး။ ရုပ်ပိုင်းဖွဲ့စည်း
မှုအရ လူသားဟာ အကွယ်အကာမဲ့၊ အခုအခံမဲ့ဖြစ်နေသူတွေ။ ဘာမဟုတ်တဲ့
ပိုးကောင်လေးတစ်ကောင်ကိုက်လို့ သေချင် လည်း သေသွားနိုင်တာ လူသားပါ။
ဒါပေမယ့် သဘာဝတရားက လူသားကို တွေးတောတတ်တဲ့အစွမ်းကို ပေးသနားထား တယ်။
လူသားဟာ သူ့ဝန်းကျင်ကို သူဖန်တီးနေတတ်တယ်။ တိရစ္ဆာန်ဆိုတာက သူ့ဝန်းကျင်နဲ့
လိုက်လျောညီထွေအောင်နေ တတ်ဖို့ကြိုးစားပြီးနေထိုင်ရတာ။
ဝမ်းနည်းစရာကောင်းတာက လူသားဟာ သူရထားတဲ့ အကြီးမားဆုံးလက်ဆောင်ကို
သူမသိဘူး။ ဒါကြောင့် သူတို့မှာရှိတဲ့ တွေးတောနိုင်စွမ်းကို အသုံးချနိုင်သူက
နည်းနည်းလေးရှိတယ်။
ဆုံးရှုံးခြင်းနှစ်မျိုးရှိတယ်။
၁။ မတွေးဘဲလုပ်လို့ ဆုံးရှုံးခြင်း
၂။ တွေးပြီးမလုပ်လို့ ဆုံးရှုံးခြင်း ဆိုတာပါ။
ဘဝတစ်လျှောက်လုံး ကိုယ့်မှာရှိတဲ့ တွေးတောခြင်းဆိုတဲ့ အစွမ်းအစတွေကို မသုံးဘဲနေထိုင်သွားခြင်းဟာ မချိန်ဘဲပစ်ခြင်းနဲ့တူတယ်။
ဘဝဆိုတာ ကိုယ်တိုင်ယူစား စားသောက်ဆိုင်တစ်ဆိုင်လိုပါပဲ။
ကိုယ့်ဗန်းကိုယ်ယူ၊ ကိုယ်ကြိုက်တဲ့အစားအသောက်ကိုယ်တိုင် ရွေးထည့်၊ ပြီးရင်
ကျသင့်တာကို ရှင်းသွားရုံပဲ။ တန်ရာတန်ကြေးပေးရင် လိုတာရမယ်။ ကိုယ်ရအောင်
ကိုယ်ထယူရမယ်။ အဲဒီလိုဆိုင်မျိုးမှာ စားပွဲထိုးလာအောင် ထိုင်စောင့်နေရင်
စားရတော့မှာမဟုတ်ဘူး။ ဘဝဆိုတာ ဒီလိုပါပဲ။ ကိုယ်ကြိုက်တာ ကိုယ်ရွေး၊
ကျသင့်တာကိုပေးမှ ရသင့်တာကိုရမှာပါ။
ဘဝဆိုတာ ရွေးချယ်မှုနဲ့ ညှိယူရမှု
“ကံတရားဆိုတာ တိုက်ဆိုင်မှုမဟုတ်ဘူး။ ရွေးချယ်မှု။ ကိုယ့်ဆီကို
ရောက်လာအောင် စောင့်နေရတာလည်းမဟုတ်ဘူး။ မရ ရအောင်ဖန်တီးယူရတာ” လို့ William
Jennings Bryan ဆိုသူက ပြောခဲ့တယ်။
အဲဒီအဆိုကိုကြည့်လိုက်ရင် ရှေ့နောက်မညီညွတ်ဘဲ ကွဲလွဲနေသလိုထင်ရတယ်။
ဘဝဆိုတာ ရွေးချယ်မှုတွေများသလို ညှိနှိုင်းယူ ရမှုတွေလည်းများတယ်။ ဘဝမှာ
ရွေးချယ်စရာချည်းပဲဆိုရင် ညှိနှိုင်းယူစရာတွေ ဘယ်မှာလိုတော့လို့လဲ။
ကိုယ်ကြိုက်တာ ကိုယ်ရွေးမှာပေါ့။ ဒါပေမယ့် ညှိယူမှုဆိုတာ
ရွေးချယ်မှုဖြစ်နေတတ်သေးတယ်။
ဘဝမှာဘာကြောင့် ရွေးစရာတွေများနေရတာလဲ
ကျွန်တော်တို့ အစားတွေများများစားရင် လူကိုဝစေခြင်းဆိုတာ ရွေးချယ်မှုပဲ။
များများသောက်ရင် နောက်တစ်နေ့မှာ ခေါင်းကိုက်မယ်။ ဒါလည်းရွေးချယ်မှုပဲ။
မူးပြီးမောင်းရင် ကိုယ်တိုင်သေရင်သေမယ်၊ အခြားသူတစ်ယောက်ယောက်ကိုလည်း
သေစေလိမ့်မယ်။ လူတစ်ယောက်ကို စိတ်ဆိုးစိတ်ပုတ်နဲ့ဆက်ဆံရင် သူကလည်း
ကိုယ့်ကို အဲဒီအတိုင်း တုံ့ပြန်လိမ့်မယ်။ သူတစ်ပါးကို ဂရုမစိုက်ရင်
ကိုယ့်ကိုလည်း ဘယ်သူကမှ ဂရုစိုက်မှာ မဟုတ်ဘူး။ ဒါတွေအားလုံးဟာ
ကိုယ်တိုင်ရွေးချယ်မှုတွေ။
ရွေးချယ်မှုနောက်ကွယ်မှာ အကျိုးဆက်တစ်ခုခုပြန်ရတတ်တယ်။ လူတိုင်း
လွတ်လပ်စွာရွေးချယ်ခွင့်ရှိတယ် ဆိုပေမယ့် ရွေးချယ်ပြီးရင်
ကိုယ့်ရွေးချယ်မှုက ကိုယ့်ကိုပြန်ပြီး ချုပ်ကိုင်သွားတတ်တယ်။ ရလဒ်က
ကိုယ့်အပေါ်မှာတည်တယ်။ ဘဝဆို တာ အိုးလုပ်သည်နဲ့တူတယ်။ အိုးလုပ်သည်ဆိုတာ
ရွှံ့နဲ့ သူလိုချင်တဲ့အိုးပုံစံကို သူလိုသလို ပုံသွန်းတယ်။ ဒီအတိုင်းပဲ
ကျွန်တော်တို့လည်း ကိုယ့်ဘဝကို ကိုယ်လိုသလို ပုံသွန်းနေကြရတယ်။
ဘဝမှာဘာကြောင့် ညှိယူရမှုတွေများနေရတာလဲ
ဘဝဆိုတာ ပါတီပွဲကြီးမဟုတ်ဘူး။ ဘဝဆိုတာ ပျော်စရာလည်း မဟုတ်ဘူး။ ဘဝဆိုတာ
ဝေဒနာတွေ၊ စိတ်ပျက်စရာတွေ။ မထင်တာတွေဖြစ်လာတတ်တာ ဘဝလို့ဆိုပါတယ်။ တစ်ခါတလေ
ဘဝဆိုတာ ဦးစိုက်ပြောင်းပြန် ဇောက်ထိုးဖြစ်ချင်ဖြစ်သွား တတ်တယ်။
လူကောင်းတွေမှာ အဆိုးတွေလာကြုံချင်ကြုံရ၊ လူဆိုးတွေမှာ အကောင်းတွေ
ကြုံချင်ကြုံနေရတာမျိုးပေါ့။ ဖြစ်ချင်တာလည်း မဖြစ်ရပါ၊ မဖြစ်ချင်တာတွေလည်း
ဖြစ်ရတာကို ဘဝလို့တောင်သီချင်းဖွဲ့ဆိုထားတာရှိတယ်။ ဘဝမှာ
ကိုယ်ဖြစ်ချင်တဲ့အတိုင်း ထိန်းချုပ်လို့မရနိုင် ဘူး။ ဒါကြောင့်လည်း
မွေးလာကတည်းက အပြစ်အနာအဆာ၊ ချွတ်ယွင်းချက်တွေ ပါလာတာပေါ့။
ဘောလုံးတစ်လုံးကို ပစ်ချလိုက်လို့ ကိုယ့်တည့်တည့် ဘက်ပြန်ကန်တက်လာမယ်လို့
မှန်းလို့မရဘူး။ ဘယ်ပြောင်း ညာပြောင်း စောင်းချင်သလို စောင်းသွားနိုင်တယ်။
ဘောလုံးက ကိုယ်ထင်သလို ကိုယ့်ထံရောက်မလာလို့ ထိုင်ငိုနေမလား၊ ဒါမှမဟုတ်
ဘောလုံးကိုကောက်ပြီးထွက်ပြေးမလား။ ရွေးချယ်မှုတစ်ခုခုတော့ လုပ်ရလိမ့်မယ်။
နေသာတဲ့နေ့တစ်နေ့မှာ ကန်ပြင်ကျယ်ကြီးထဲ လှေကလေးတွေ
ဦးတည်ရာဘက်ပေါင်းစုံကို ရွက်လွှင့်နေကြတယ်။ ရွက်လှေတွေ က ဘက်ပေါင်းစုံကို
သွားနေကြပေမယ့် လေကတော့ လမ်းကြောင်းတစ်ခုတည်းကို တိုက်နေတာ။ ဘာကြောင့်
ဒီလိုဖြစ်ရ တာလဲ။ လမ်းကြောင်းဆိုတာ လှေပေါ်က လူကရွေးချယ်တာ။
လေကဘယ်လိုတိုက်တိုက် သူရွေးချယ်တဲ့လမ်းကြောင်းကိုပဲ လှေကသွားနေရတာ။ ဘဝဆိုတာ
ဒီလိုပါပဲ။ လေတိုက်ရာလမ်းကြောင်းကို ကျွန်တော်တို့ ရွေးချယ်ခွင့်မရှိဘူး။
ဒါပေမယ့် လှေသွားရာလမ်းကြောင်းကိုတော့ ကျွန်တော်တို့ ရွေးချယ်ခွင့်ရှိတယ်။
“ကျန်းမာရေး၊ ပျော်ရွှင်ရေးနဲ့ အောင်မြင်ရေးတွေဟာ လူတွေရဲ့
စိတ်ဓာတ်နဲ့လည်းဆိုင်တယ်။ ဘဝမှာ ဘာဖြစ်ဖြစ်ကွာလို့ ပြောရမှာမဟုတ်ဘူး။
ဖြစ်ကိုဖြစ်ရမယ်ဆိုပြီးလုပ်ရမှာ” ဆိုတဲ့စကားကို George Allen
ဆိုသူကပြောသွားပါတယ်။
ဘဝမှာ ကိုယ့်ပတ်ဝန်းကျင်အခြေအနေကို ရွေးချယ်ခွင့်မရှိဘူးဆိုရင်တောင်၊
ကိုယ့်စိတ်သဘောထားကို ရွေးချယ်ခွင့်ရှိနိုင်ရ မယ်။ ရွေးချယ်မှုကြောင့်
အောင်မြင်သူလည်း ဖြစ်သွားနိုင်သလို သားကောင်လည်းဖြစ်သွားနိုင်တယ်။
ကိုယ်ရောက်နေတဲ့ နေရာကြောင့် ဒီလိုဖြစ်သွားတာမဟုတ်ဘူး။ ကိုယ်
စိတ်သဘောထားကြောင့် ဖြစ်သွားရတာ။ ဒါကိုလူတွေက “ကံတရား” လို့ သတ်မှတ်ကြတယ်။
သက်တံကိုဖြစ်ပေါ်စေတာ မိုးနဲ့ နေရောင်နှစ်မျိုးပေါင်းလို့ပါ။ ဘဝမှာလည်း
ဒီအတိုင်းပါပဲ။ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေ ဒွန်တွဲ ပြီးမှ
ဘဝဆိုတာဖြစ်လာရတာ။ အဆိုးနဲ့ အကောင်းဆိုတာရှိတယ်။ အမှောင်နဲ့
အလင်းဆိုတာလည်းရှိတယ်။ အခက်အခဲကို ကိုင်တွယ်နိုင်ပြီဆိုရင်ပိုပြီးတော့
ကြံ့ခိုင်လာမယ်။ ဘဝမှာဖြစ်ပျက်နေတာတွေအားလုံးကို ကိုင်တွယ်ဖို့ဆိုတာတော့
မလွယ်ဘူး ပေါ့။ ဒါပေမယ့် ညှိယူလို့ရတာတွေ အများကြီးရှိတယ်။
ရစ်ချတ် ဘလက်ခ်ျနီဒန်းဆိုသူဟာ အိန္ဒိယလဖက်ခြောက်တွေကို
စိန့်လူးဝစ်ပွဲတော်မှာ ရောင်းအားတက်အောင်လုပ်ချင်နေ တယ်။
ရာသီဥတုကပူလွန်းတော့ သူ့ နမူနာလက်ဖက်ရည်ကို ဘယ်သူမှ မသောက်ချင်ကြဘူး။
လူတွေက အအေးတွေသောက် နေတော့ အအေးလုပ်ငန်းဟာ ပိုပြီးတော့
ထွန်းကားလာမယ်ဆိုတာကို သူမြင်နေတယ်။ ဒါကြောင့် လက်ဖက်ရည်ထဲကို ရေခဲ ထည့်၊
သကြားနည်းနည်းထည့်ပြီး လူတွေကို တိုက်ကြည့်တယ်။ လူတွေအရမ်းကြိုက်သွားတယ်။
အဲဒီအဖြစ်အပျက်ဟာ ကမ္ဘာ့ ပထမဆုံး လက်ဖက်ရည်အေး (iced tea) ရဲ့အစပဲ။
လူသားဆိုတာ ဝက်သစ်ချသီးမဟုတ်ဘူး။ ဝက်သစ်ချသီးဆိုတာ အပင်မြင့်ကြီးမှာ
မသီးချင်ပါဘူး၊ ရှဥ့်တွေရဲ့ အစာမဖြစ်ချင်ပါဘူးလို့ ရွေးချယ်ခွင့်မရှိဘူး။
လူသားမှာက ရွေးချယ်ခွင့်ရှိတယ်။
အမှားတစ်ခုခုဖြစ်သွားရင် အဲဒီအမှားအပေါ်မှာ တာဝန်ခံရင်လည်းရတယ်၊ တာဝန်မခံချင်လည်းရတယ်။ ရွေးချယ်မှုဟာ ကိုယ့် အပေါ်မူတည်နေတယ်။
0 comments:
Post a Comment