Pages

Friday, December 28, 2012

အစားထိုးမရတော့သော အချိန်များ

“မြန်မာစံတော်ချိန် ညရှစ်နာရီ ထိုးပါပြီ။ ယခုအချိန်မှစ၍ သတင်းများကို ကြေငြာပါတော့မည်။” ဆိုတဲ့ မြန်မာ့အသံက အသံလွှင့်ချက်ဟာ မြန်မာပြည်သူ ပြည်သားအပေါင်း ကြားဖူးနေကြပါ။ မြန်မာစံတော်ချိန်တဲ့ တခါတရံ မိမိနာရီ နောက်ကျတာမြန်တာတွေ ဖြစ်နေရင် ရေဒီယိုက ကြေငြာတဲ့ မြန်မာစံတော်ချိန်နဲ့ တိုက်လိုက်ကြပါတယ်။ စံတော်ချိန်က အမှန်ဆုံးကိုး။ ငါ့နာရီက စံတော်ချိန်နဲ့ တိုက်ထားတာကွလို့ ၀င့်ဝင့်ကြွားကြွားကလေးဆိုလိုက်တဲ့ အသံမျိုးလည်း ကြားဖူးပါတယ်။ မိမိနာရီ အချိန်မမှန် နောက်ကျတာ (သို့မဟုတ်) မြန်နေတာတွေဖြစ်နေရင် နာရီစုတ်လို့ အပြောခံရပါတယ်။
မင်းနာရီ အမျိုးအစားက ဆိုင်မဆင်း ပြင်သစ် တဲ့ နာရီပတ်သူများဟာ မိမိနာရီကို အချိန်မှန်တာပဲလိုချင်ကြမှာပါ။ တစ်ဦးနဲ့ တစ်ဦး ချိန်းဆိုတတ်ကြပါတယ်။ ဘယ်နေရာကို ဘယ်နှစ်နာရီလာပါ။ အဲဒီလို အချိန်အခါမျိုးမှာ သတ်မှတ်ချိန်ကို အတိအကျ မရောက်တတ်သူတွေ ရှိပါတယ်။ အချိန်မှန်ရောက်သူက အချိန်မှန် ရောက်မလာသူကို စိတ်ငြိုငြင်ကြတယ်။ စိတ်တိုကြတယ်။ စောင့်ရတဲ့အတွက် အချိန်များက စောင့်သူအတွက် အဟောသိကံဖြစ်ပါတယ်။
တချိန်က အမရပူမြို့ မဟာဂန္ဓာရုံကျောင်းတိုက် ဆရာတော်ကြီး ဦးဇနကာဘိဝံသထံ ရောက်လာကြတဲ့ ဒကာ ဒကာမတို့ကို ဆရာဖက်၊ ဒကာဖက် က ပြုဖွယ် ကိစ္စများပြီးလျှင်ပဲ ဆရာတော်ကြီး က ကဲပြန်ကြပြန်ကြ ကာလကုန်တယ် ဟုဆိုပြီး ပြောလေ့ရှိတယ်။ အပိုစကားတွေ ပြောခွင့်မပေးဘူး သူလဲ မပြောဘူး ဒါကြောင့်လည်း ဆရာတော်ကြီးဟာ ရသမျှအချိန်များကို အကျိုးရှိစွာ အသုံးချနိုင်ခဲ့လို့ သာသနာ့ကျမ်းပေါင်း မြောက်များစွာကို ပြုစုရေးသားပေးထားနိုင်ခဲ့တဲ့ အကျိုးကျေးဇူးဟာ သာသနာရဲ့ မှတ်တိုင်ကြီးဖြစ်နေပါပြီ။ မည်သူ့ကိုမှ အချိန်အလဟဿ မဖြစ်စေလိုခြင်းပါပဲ။ ယခုအချိန်ကာလတွေမှာ အဖွဲ့အစည်းအသီးသီး၊ ပါတီများက ကျင်းပတဲ့ အစည်းအဝေးပွဲများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို နေ့စဉ်နှင့်အမျှ ပြုလုပ်နေကြတယ်။  သို့သော် အချိန်ကို တိတိကျကျ မစနိုင်တဲ့ အစည်းအဝေးတွေက များနေတယ်။ အနည်းဆုံးနာရီဝက်နှင့် တစ်နာရီ နောက်ကျကြတယ်။ နောက်ကျရခြင်း အကြောင်းအမျိုးမျိုးတော့ ရှိတာပေါ့လေ။ လာရတဲ့နေရာ ဝေးတာတို့၊ ကားမရတာတို့၊ ကားကြပ်တာတို့၊ သို့သော် အဲဒီအချိန်များကိုပါတွက်ပြီး အိမ်က စောထွက်ရင်တော့ အချိန်မှန် ရောက်နိုင်ပါတယ်။ အစည်းအဝေးကို ဦးစီးဦးဆောင်ကျင်းပကြတဲ့ သူတွေကိုယ်တိုင် နောက်ကျ တတ်ကြပါတယ်။ အဲဒီလို အစည်းအဝေးပွဲတွေမှာ အချိန်မှန်မစနိုင်ဘဲ နောက်ကျမှ စဖြစ်နေကြတာတွေဟာ တဖြေးဖြေးနဲ့ ဖြစ်ရိုးဖြစ်စဉ်သဘောတောင် ဖြစ်လို့နေသမို့ မြန်မာစံတော်ချိန်လို့ပင် အပျော်အပျက် စကားလေးနဲ့ ရယ်စရာ လုပ်လိုက်ကြ ပါသေးတယ်။ ရယ်စရာ အပျော်ဆိုပေမယ့် အဲဒါဟာ အပျက်သဘောပါပဲ။
နောက်တစ်မျိုးက လက်လုပ်လက်စား အလုပ်သမားများ၊ ရုံးဝန်ထမ်းများ ကြွေးကြော် တတ်ကြတဲ့စကားပါ။ မရှိလို့လုပ်စားတာ ဖြေးဖြေးပေါ့တဲ့။ မရှိလို့လုပ်စားတာ ဖြေးဖြေးလုပ်မယ့် အစား မြန်မြန် လုပ်တာ မကောင်းဘူးလား။ နေ့စားအလုပ်သမားအနေနဲ့ ဘယ်အတိုင်း အတာပဲ လုပ်လုပ် လုပ်ခငွေ ပိုရစရာမရှိ။  ပိုလုပ်လည်းဒါပဲ မထူးဘူးလို့ ဆိုတဲ့ သဘောရှိတယ်။ ကိုယ်က ပိုလုပ်မြန်မြန်လုပ်ပေးတော့ အလုပ်ရှင်ကလည်း တနေ့မှာ ကိုယ့်အပေါ်နားလည်လာရင် ကိုယ့်အတွက် တိုးတက်မှုတွေ ရလာနိုင်တယ်။ ဒီစကားလုံးဟာ လူပြင်းစကားဖြစ်နေသလို စေတနာမဲ့စကားလည်း ဖြစ်နေတယ်။ တာဝန်ချိန်များကိုလည်း စွမ်းအားပြု အသုံးချနိုင်သော်လည်း သက်သာစွာ အချိန်ဖြုန်းပစ်နေသူပဲ။
ယနေ့ကာလတွေမှာ ပြည်တွင်း ကျောင်းတွေကို မြို့စွန်မြို့ဖျားတွေမှာ ကျောင်းသစ်များ ဆောက်ပြီး သင်စေတာတွေ ရှိနေခဲ့တာနှစ်၂၀ ၀န်းကျင်ရှိနေပါပြီ။ မြန်မာပြည်ရဲ့ အထင်ကရ ဘူမိနက်သန် နေရာမှန်တဲ့ ရန်ကုန်တက္ကသိုလ် မြကျွန်းသာကိုတော့ ကျောင်းအဖြစ်က ရပ်နားထားပြီး ကျောင်းသားအများစုကတော့ ဝေးလံတဲ့  မြို့အစွန်အဖျား ကျောင်းတွေကို သွားတက်ကြရပါတယ်။ လမ်းပန်းဆက်သွယ်ရေးက မသေချာ လမ်းတွေကမကောင်း၊ ကားတွေကစုတ်၊ ဒီကြားထဲ ဒီကားတွေအတွက် ဆီထုတ်ရတဲ့ရက်တွေ၊ ဆီထုတ်နေရ တာကြောင့် ကားအချိန်မမှန်တာတွေ၊ ကျောင်းသားများဟာ မနက်စောစော ကျောင်းကားစောင့်ဖို့ စုရပ်ကိုပြေး။ ကားကမတွေ့ပြန် နောက်တနေရာ စုရပ်ကိုပြောင်း၊ ရပြန်တော့လည်း ထိုင်ခုံကပြည့်နေလို့ ခရီးဝေးကို မတ်တတ်ရပ်လိုက်ရ၊ ကျောင်းရောက်တော့ ခရီးကပန်း၊လူကနွမ်း စာသင်ခန်းထဲရောက်တော့ စိတ်ပါလက်ပါမရှိတော့။ တချို့ဆို ကျောင်းဝန်းထဲမရောက် စားသောက်ဆိုင်တွေလောက်မှာပင် သောင်တင်နေကြ။ တနေကုန် သင်ခန်းစာလိုက်ပြီး ကျောင်းဆင်းပြန်တော့  ခရီးဝေးကို နွမ်းလျ အိမ်ပြန်ကြရ။ ကားပေါ်မှာ အချိန်ကာလကြာ လိုက်ပါလာရတော့ ငိုက်မြည်းအိပ်ပျော် လွယ်အိတ်တွေ ထမင်းဘူးတွေ ပြုတ်ကျလည်း မသိတော့။  မလိုအပ်ပဲနဲ့ ခွန်အားတွေဟာ ကားပေါ်မှာတင် အလဟဿ ဖြစ်ကုန်တယ်။
ဖွံ့ဖြိုးတဲ့ နိုင်ငံတွေမှာ ကျောင်းတွေဟာ အလွန်ဝေးတဲ့ အရပ်တွေမှာ ရှိကြပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ လမ်းပန်းဆက်သွယ်မှုက အချိန်မှန်မှန် လမ်းတွေက ညီညီညာညာ ကျောင်းသားအားလုံးဟာ ကားပေါ်မှာ သက်တော့သက်သာဖြင့် မိမိနဲ့သက်ဆိုင်ရာ ဘာသာရပ်ကို သောကကင်းစွာ၊ အန္တရာယ်ကင်းစွာ ဖတ်ရှုလေ့လာပြီး လိုက်ပါနိုင်ပါတယ်။ သယ်ဆောင်ရာ ယာဉ်တွေရဲ့ စွမ်းအားက ဘယ်လောက်ဝေးဝေး အချိန်တိုအတွင်း ရောက်တယ်။ အချိန်မကုန်ဘူး။
တချို့လူငယ်တွေ ညဘက် အိပ်ရေး ပျကi်  မနက်ဆို မထကြဘူး။ မနက် ၉ နာရီ ၁၀ နာရီ တချို့ဆို မွန်းလွဲ အိပ်ကောင်းတုန်း နေ့ဘက်ကျပြန်တော့ လက်ဘက်ရည်ဆိုင်ထိုင်၊ ပေါက်တက်ကရပြော၊ ဟိုကြည့်သည်ကြည့် မျက်စိအစာကျွေး၊ ဘောလုံးပွဲကြည့်ပြီး အချိန်တွေကို ကုန်လွန်စေခဲ့တယ်။  လက်ဖက်ရည်ဆိုင် ထိုင်တဲ့ အလေ့အထက အချိန်ကာလများကို ပြုန်းတီးစေတယ်။  ၈၈ အရေးတော်ပုံကြီးရဲ့ နောက်ပိုင်းကာလများမှာ အတိုက်အခံ ကျောင်းသားပြည်သူများကို စစ်အစိုးရရဲ့ နှစ်ရှည်လများ ထောင်ချထားခြင်းတွေဟာလည်း တိုင်းပြည်ရဲ့ လူသားရင်းမြစ်များကို ဖြုန်းတီးပစ်ခြင်း၊ လူတစ်ဦးချင်းစီရဲ့ တန်ဖိုးရှိသော ကာလများနှင့် တိုင်းပြည်ရဲ့ စွမ်းအားများကို အမြော်အမြင်မဲ့ ပျက်သုဉ်းစေခြင်းဟာ ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ရပ်ပင် ဖြစ်ပါတယ်။ 
ကျနော်တို့ တိုင်းပြည်ရဲ့ အကြီးအကျယ် အချိန်ဆုံးရှုံးမှုကြီးကတော့ တိုင်းရင်းသားလူမျိုးစုကြီးရဲ့ လက်နက်ကိုင် ပဋိပက္ခပါပဲ။ နှစ်ပေါင်း ၆၀ ရှည်ကြာခဲ့ တိုက်ကြ၊ ခိုက်ကြ၊ သေကြ။ စစ်ပွဲရဲ့မြေစာပင်  ရွာနေ ကလေးတွေ ကျောင်းတွေ စွန့်ပြေး စာတွေနဲ့ဝေး အသက်တွေသာကြီးလာကြ၊ ပြည်သူတွေရဲ့ ဘ၀ဟာ မီးပုံတွေကြား ယမ်းပုံတွေကြား ပြေးလွှားရင်းနဲ့ ကုန်ခဲ့ရတဲ့ အချိန်တွေ ဘာအကျိုးသက်ရောက်မှုမှ မရပဲနဲ့ ကြီးခဲ့ရတဲ့ အသက်တွေ ဒီလိုတွေနဲ့ အချိန်တွေဟာ နှစ်ပေါင်း ၆၀ကျော်လာခဲ့ရပြီ။ ဒီလိုသာဆက်နေသွားကြရင် နောက်ကလေးမျိုးဆက်တွေရဲ့ ဘ၀ဟာ ဒီအတိုင်း အဓိပ္ပာယ်မဲ့တဲ့ ဘ၀များသာ ဖြစ်ပေလိမ့်မယ်။ လက်နက်ကိုင် တိုက်ပွဲများရဲ့ ရလာဒ်ဟာ နှစ်ဖက်စလုံးအတွက် ဘယ်လိုမှ အပေါင်းလက္ခဏာ မဆောင်တဲ့  ဆုံးရှုံးမှုအပေါင်းတွေက လွတ်မြောက်ဖို့ လိုနေပြီ။ အချိန်တွေ အဟောသိကံဖြစ်စေပြီး တိုင်းပြည်ကို အိုမင်းရင့်ရော်စေတဲ့ ဘ၀က ရုန်းထွက်ဖို့ အချိန်တန်နေပြီ။ ကာလများစွာ ကျန်ရစ်ခဲ့စေပြီ။
ထို့ကြောင့်အစည်းအဝေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ သင်တန်းများကို တိကျတဲ့ အချိန်ဖြင့် စတင်နိုင်တဲ့ အလေ့အထတွေဖြစ်ကြဖို့ မြန်မာစံတော်ချိန် မှန်နိုင်ကြပါစေ။ မိမိအလုပ်ခွင်မှာ စိတ်စေတနာ ဖြူစင်သန့်စွာ မခိုမကပ်နဲ့ “မရှိလို့လုပ်စားတာ ဖြေးဖြေးပေါ့” ဆိုတဲ့ အတွေးအခေါ်အစား မြန်မြန်လုပ်ကြပါ။ ပိုလုပ်ကြပါ။ တနေ့မှာ မိမိလုပ်သော စေတနာ မိမိကိုအကျိုးပေးပါလိမ့်မယ်။ မြို့ပြင်ထုတ်တဲ့ ကျောင်းတွေအတွက် ကျောင်းသားများရဲ့ အချိန်ကုန်ပင်ပန်းမှုကို သက်ဆိုင်ရာများက စီမံမှုအားကောင်းလာပါလျှင် အလဟဿဖြစ်တဲ့ အချိန်တွေတိုသွားပြီး ထိရောက်တဲ့ သင်ကြားမှုတွေ ရလာမှာဖြစ်သလို ယနေ့ပညာသင် လူငယ်တွေရဲ့ အခန်းကဏ္ဍကလည်း ကျောင်းတွေမှာ အတတ်ပညာသင်တန်းတွေမှာ အပတ်တကုတ် လေ့လာနေပြီး ပညာတွေထဲမှာ အချိန်ပေး နစ်ဝင်နေရမှာ ဖြစ်တယ်။ အလဟဿဖြစ် ကုန်လွန်ခဲ့တဲ့ အချိန်တွေကိုတော့ နှမြောတဿ သံဝေဂရသည်မှတပါး အခြားမရှိပေ။ “Time and Tide wait for no man” အချိန်နဲ့ ဒီရေသည် လူကိုမစောင့် ဆိုသလို ယနေ့ကာလတွင် အချိန်တိုင်း အချိန်တိုင်းကို တန်ဖိုးထား၍ မိမိအတွက်သော်လည်းကောင်း သူတစ်ပါးအတွက်သော် လည်းကောင်း တစ်ခုခု အကျိုးပြုဖို့ အချိန်ကျပြီဖြစ်သည်။
ဒါကြောင့် မြန်မာစံတော်ချိန်တို့၊ မရှိလို့လုပ်စားတာ၊ ဖြေးဖြေးပေါ့၊ ဆိုတဲ့ အပြောင်အပျက်စကားတွေ၊ ကျောင်းတွေကို မြို့စွန်ထုတ်ထားပြီး ကျောင်းသွားကျောင်းပြန် အချိန်တွေ ပုတ်နေရတဲ့အဖြစ်တွေ၊ လက်ဘက်ရည်ဆိုင်ထိုင် လေပစ်ပြီး ကုန်သွားတဲ့ အချိန်တွေ၊ …. အချိန်တွေကို အဟောသိက မဖြစ်ဖို့ လိုပြီ။ လူ တစ်ဦးစီ တိုင်းကို သဘာဝတရားကြီးက တနေ့ ၂၄ နာရီပေးထားပါတယ်။ အိပ်ချိန်ကို ၈ နာရီ ထားကြမယ်ဆိုရင် တနေ့တာအချိန်ရဲ့ သုံးပုံတစ်ပုံ ကုန်သွားပါပြီ။ ကျန်တဲ့ ၁၆ နာရီမှာ မျက်နှာသစ် သွားတိုက် ရေအိမ်ဝင် အချိန်တွေအပြင် ရေချိုးခြင်း၊ ကိုယ်လက်လှုပ်ရှားကစားခြင်း စတဲ့ပြုလုပ်ခြင်းတွေ ဖယ်လိုက်ရင် ၁၄ နာရီ အလွန်ဆုံး ကျန်မယ်။ ကျန်တာ အကျိုးရှိတဲ့ အလုပ်လုပ်နေရမဲ့ ကာလပါပဲ။ ယနေ့ ဖွံ့ဖြိုး တိုးတက်နေသောနိုင်ငံများဟာ အချိန်ကို အပြည့်အ၀ အသုံးချတဲ့ နိုင်ငံများဖြစ်ခဲ့လို့ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ အနှစ်သာရကို ခံစားနေရတာ ထူးဆန်းလှသည်မဟုတ်။ ဒါ့ကြောင့် ကုန်လွန်လေပြီးသော ကာလများ၏ အနုတ် လက္ခဏာများကို သံဝေဂယူရင်း မိမိနိုင်ငံအတွက် အကျိုးရှိမယ့်၊ ကိုယ့်အတွက် အကျိုးရှိမယ့် သို့မဟုတ် သူများအတွက် အကျိုးရှိတဲ့အလုပ် တစ်ခုခုတော့ လုပ်နေရပါမယ်။ မသေမချင်းပေါ့။


လေပြေအေး

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews