Pages

Thursday, January 3, 2013

ဘ၀အဓိပ္ပာယ်


ဒေါ်လှသွေးသည် ကျွန်တော်နှင့် အိမ်နီးချင်းဖြစ်သည်။ ရှေးဟောင်းအိမ်အိုကြီးတစ်လုံးအတွင်း  တစ်ဦးတည်းနေထိုင်သော ဒေါ်လှသွေးသည် အိမ်တွင်းမှ အိမ်ပြင်သို့ထွက်ခဲသူဖြစ်သည်။ ကျွန်တော်တို့ ဒေါ်လှသွေးအိမ်အနီးသို့ ပြောင်းလာခါစတွင် အခြားအိမ်နီးချင်းများက ဒေါ်လှသွေးနှင့် မဆက်ဆံရန်၊ ဒေါ်လှသွေးကို ရှောင်ရန် သတိပေးကြသည်။ အားလုံးက သူမကို စုန်းမကြီးဟု ယူဆနေကြသည်။ ကလေးများသည် ထိုခြံအတွင်းသို့ ဘောလုံးကျသွားလျှင်ပင် ဝင်မကောက်ရဲသည့်အနေအထားဖြစ်သည်။

ကျွန်တော်တို့ တစ်နှစ်ခန့် နေသားကျလာသည့်အခါတွင် ဒေါ်လှသွေးခြံ၏ အခြားတစ်ဘက်အိမ်သို့ လက်ထပ်ပြီးခါစ ဇနီးမောင်နှံနှစ်ယောက် ပြောင်းလာကြသည်။ ထုံးစံအတိုင်း ကျွန်တော့်မိန်းမက ယခင်အဆက်ဆက် ပြောလာသည့်စကားအတိုင်း ဒေါ်လှသွေးနှင့် မဆက်ဆံရန် သွားပြီးသတိပေးသည်။ သို့သော် ထိုနေ့ညနေခင်းတွင် ဇနီးမောင်နှံအသစ်လေးနှစ်ယောက်သည် သစ်သီးတွေ မုန့်တွေကိုင်ကာ ဒေါ်လှသွေးခြံ အတွင်းသို့ ဝင်သွားသည်ကို မြင်လိုက်ကြရသည်။
နောက်ပိုင်း ထိုဇနီးမောင်နှံ ဒေါ်လှသွေးအိမ်သို့ အဝင်အထွက်တွေများလာသည်။ တစ်နေ့ ကျွန်တော်နှင့် ဇနီးဖြစ်သူတို့ စားသောက်ဆိုင်တွင်  စားသောက်နေကြစဉ် ဆိုင်အတွင်းသို့အမျိုးသမီးနှစ်ဦးဝင်လာသည့်ကို တွေ့လိုက်ရသည်။ တစ်ဦးမှာ မကြာမီကမှပြောင်းလာသည့် အမျိုးသမီး ဖြစ်ပြီး ကျန်တစ်ဦးမှာ ဒေါ်လှသွေး ဖြစ်နေကြောင်း အံ့ဩဖွယ်ရာတွေ့မြင်လိုက်ရသည်။ ယခင်ကဆိုလျှင် ဒေါ်လှသွေးသည် စားသောက်ဆိုင် မပြောနှင့် လမ်းတောင်ထွက်သူမဟုတ်။ ယခုတော့ မျက်နှာတွင် သနပ်ခါးအဖွေးသားနှင့် သပ်ယပ်ကျော့ရှင်းစွာ တွေ့လိုက်ရသဖြင့် လူမှားရလောက်အောင်ဖြစ်နေကြသည်။ သူ့တွင် ယခင်ကလို မှုန်ကုတ်ကုတ်နှင့် ခက်ထန်စွာကြည့်တတ်သည့် အကြည့်တွေလည်း ပျောက်ကွယ်နေသည်။ မျက်နှာတွင် အပြုံးရိပ်တွေသန်းကာ ဝမ်းသာပီတိဖြစ်နေပုံလည်းရသည်။
ဒေါ်လှသွေးသည် ယခင်လမ်းထွက်လျှင် တောင်ဝှေးတစ်ချောင်းကိုင်လာတတ်သည်။ ယခုတော့ မိန်းကလေး၏ ပခုံးကို အသာလေးကိုင်ပြီး ဆိုင်အတွင်းသို့ ဖြေးဖြေးချင်းဝင်လာသည်။ လက်ထဲတွင် မည်သည့်တုတ်မျှ ကိုင်ဆောင်လာခြင်းမရှိပေ။ ရပ်ကွက်ထဲမှလူများက သူမကိုင်လာ တတ်သည့်တောင်ဝှေးကို ဆေးတောင်ဝှေးဟု ထင်ကြသည်။ ထိုတောင်ဝှေးနှင့်ထိလိုက်လျှင် ခွေးဘ၀သို့ပြောင်းသွားနိုင်သည်ဆိုသဖြင့် ကလေးတွေက ဒေါ်လှသွေးကိုတွေ့လျှင် ဝေးဝေးရှောင်ကြသည်။
ကျွန်တော်က ဒေါ်လှသွေးနှင့် မိန်းကလေးကို ကျွန်တော်တို့ဝိုင်းသို့ ဖိတ်ခေါ်လိုက်သည်။ ဒေါ်လှသွေးက ပြုံးရွှင်စွာဖြင့် ကျွန်တော့်အမျိုးသမီးကို နှုတ်ဆက်လိုက်သည်။ စကားလက်ဆုံကျရင်း လွန်ခဲ့သည့် ၁၅ နှစ်ခန့်က အဖြစ်အပျက်လေးတစ်ခုကို မထင်မှတ်ဘဲ ပြန်ကြားလိုက်ရသည်။
လွန်ခဲ့သည့် ၁၅ နှစ်က ဒေါ်လှသွေး၏ခင်ပွန်းသည်နှင့် သားသမီးနှစ်ယောက်သည် ကားမှောက်ပြီး ကွယ်လွန်သွားခဲ့သည်။ ဒေါ်လှသွေးသည် ဝမ်းနည်းကြေကွဲစွာဖြင့် ယနေ့တိုင်တစ်ဦးတည်း ဘ၀ကိုမြှုပ်နှံကာ နေထိုင်ခဲ့ခြင်းဖြစ်သည်။ ယနေ့သည် ခင်ပွန်းသည်နှင့် သားသမီးများ ကွယ်လွန်သည့် ၁၅ နှစ် ပြည့်မြောက် သည့်နေ့ဖြစ်ကြောင်း ပြောပြရှာသည်။ ဒေါ်လှသွေးက သူမအကြောင်းကို နားထောင်ပေးကြသည့် ကျွန်တော် တို့ကို ကျေးဇူးတင်ကြောင်း၊ အထူးသဖြင့် သူ့ကို စားသောက်ဆိုင်သို့ခေါ်လာသည့် မိန်းကလေးကို ကျေးဇူးတင်ပါကြောင်း အထပ်ထပ်ပြောရှာသည်။
“ကျွန်မခင်ပွန်းနဲ့ ကလေးတွေအကြောင်း ပြန်စဉ်းစားလိုက်ရင် သိပ်အထီးကျန်တာပဲ။ ခုတော့ စိတ်ချမ်းသာစရာ ကောင်းပါတယ်” ဟု ညည်းညူလိုက်ကာ မျက်လွှာကိုချပြီး မျက်ရည်တွေကျနေရှာသည်။ ဒေါ်လှသွေးသည် မျက်ရည်ကို သုတ်လိုက်ပြီး
“နောက်အပတ် တနင်္ဂနွေနေ့ကျရင် ကျွန်မအိမ်ကို လာလည်ကြပါလား။ ဒီက တူမလေးက အုန်းနို့ခေါက်ဆွဲ လာချက်ပေးမယ်တဲ့။ စားသောက်ရင်း စကားပြောကြတာပေါ့” ဟုပြောကာ နှုတ်ဆက်ပြီး ပြန်သွားကြသည်။
နောက်အပတ် တနင်္ဂနွေနေ့တွင် ကျွန်တော်က ဇနီးနှင့် သားသမီးတို့ကိုခေါ်ပြီး ဒေါ်လှသွေးအိမ်ဘက်သို့ ထွက်ခဲ့သည်။ ဒေါ်လှသွေးအိမ်တွင် လူတွေ ရှုပ်ရှက်ခတ်နေသည်။ ကျွန်တော်တို့ အိမ်အတွင်းဝင်လိုက်ချိန်တွင် ဧည့်ခန်းအတွင်း၌ပြင်ဆင်ထားသည့် ဒေါ်လှသွေးအလောင်းကို တွေ့လိုက်ရသည်။ မနက်အစောပိုင်းကပင် နှလုံးဝေဒနာဖြင့် ဆုံးသွားကြောင်း သိလိုက်ရသည်။
ဒေါ်လှသွေးအသုဘကို လူအနည်းငယ်နှင့် အကျဉ်းရုံးက လုပ်လိုက်ကြရသည်။ ဆွေမျိုးတွေကိုမသိသဖြင့် နှစ်ဘက်အိမ်နီးချင်းများဖြစ်သော ကျွန်တော်တို့ကပင် ကြီးမှူးကျင်းပပေးလိုက်သည်။ ရက်လည်နေ့တွင် ရှေ့နေနှစ်ယောက် ရောက်လာပြီး အိမ်နီးချင်းလင်မယားနှစ်ယောက်ကို ရှေ့သို့ခေါ်လိုက်သည်။ သူတို့က ဒေါ်လှသွေးရေးသည့် သေတမ်းစာကို ဖတ်ပြကြသည်။
သေတမ်းစာတွင် ဒေါ်လှသွေးသည် သူမ ယခုနေထိုင်ခဲ့သည့်အိမ်ကြီးကို ယခင်က မပြင်ဆင်ဘဲထားခဲ့ရာ ယခု ထိုအိမ်အိုကြီးကို ပြင်ဆင်ရန်အတွက် ဘဏ်မှ ငွေ သိန်း ၁၀၀ ထုတ်ပြီး ပြင်ဆင်မှုကိစ္စအဝ၀ကို အိမ်နီးချင်း လင်မယားနှစ်ယောက်က ဦးစီးလုပ်ကိုင်ပေးရန်တောင်းဆိုထားသည်။
ဒုတိယအချက်တွင် အိမ်ကြီးပြီးစီးပါက ထိုအိမ်ကြီးနှင့်တကွ အတွင်းပစ္စည်းအားလုံးအပြင်၊ ဘဏ်တွင် အပ်ထား သည့် နောက်ထပ် ငွေသိန်း ၅၀၀ အား ထိုဇနီးမောင်နှံနှစ်ယောက်ကို ခံစားခွင့်ပြုကြောင်းနှင့်၊ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများအား မိဘရင်းသဖွယ်စောင့်ရှောက်ပေးရာတွင် ထိုငွေများကိုသုံးစွဲရန် ညွှန်ကြားသွားသည်။
တတိယအချက်တွင် သူ့အိမ်သို့ရေပို့ပေးနေသည့် ရေထမ်းသမား ကိုမြကို ငွေတစ်သိန်းပေးရန်ပါရှိသည်။ ကိုမြသည်ဆင်းရဲပြီး သားအကြီး ကောင်လေးက ပညာတော်သဖြင့် တက္ကသိုလ်ဆက်တက်ရန် ငွေလိုနေ သောကြောင့် ပင်ပန်းစွာရုန်းကန်နေရရှာသည်။ ဒေါ်လှသွေးက ကိုမြ၏ သားအတွက် ပညာသင်စရိတ် ၁၀ သိန်းထောက်ပံ့သွားသည်။
ဒေါ်လှသွေးသည် ယခင်က အထီးကျန်စွာဖြင့် လူသူဝေးဝေးရှောင်ပြီး နေထိုင်ခဲ့ရာမှ၊ ခြံအနီးသို့ပြောင်းလာသည့် ဇနီးမောင်နှံကြောင့် သူမဘ၀ကို လုံးဝပြောင်းလဲခွင့်ရသွားရှာသည်။ ထိုဇနီးမောင်နှံသည် သူမထံနေ့စဉ်လာပြီး မိခင်ရင်းသဖွယ် ပြုစုစောင့်ရှောက်သည်။ ဒေါ်လှသွေးကို ဆင်းရဲပြီး လူသူအစွန့်ပယ်ခံထားရသည့် အဖွားအိုကြီး တစ်ယောက်ဟုမှတ်ထင်ပြီး စေတနာဖြင့် ပြုစုစောင့်ရှောက်ပေးကြခြင်းဖြစ်သည်။ ယခုတော့ အမွေပေါင်းများ စွာကို မထင်မှတ်ဘဲရလိုက်သဖြင့် အံ့အားသင့်ပြီး မျက်ရည်တွေကျနေရှာသည်။
ရှေ့နေက သေတမ်းစာကို နိဂုံးချုပ်လိုက်ပြီး
“ဒေါ်လှသွေးရဲ့ ယောက်ျားက စက်မှုတီထွင်ရှင်ကြီးဗျ။ သိပ်တော်တဲ့လူ။ စက္ကူတွေ၊ ပလပ်စတစ်အဟောင်း တွေကို လူသုံးကုန်ပစ္စည်း ပြန်ထုတ်တဲ့လုပ်ငန်းကြောင့် အကြီးအကျယ် ချမ်းသာခဲ့တာ။ သူတို့မှာ ဒီအမွေတွေကို ဆက်ခံမယ့် ဆွေမျိုးသားချင်းတွေလည်း တစ်ယောက်မှမရှိဘူး။ မသေမီ သူ့ကို ပြုစုစောင့်ရှောက်ခဲ့တဲ့ ဒီက ညီလေးနဲ့ ညီမလေးကိုပဲ သူ့သားသမီးရင်းလို သတ်မှတ်ပြီး အမွေတွေအားလုံး လွှဲပေးသွားတာပါ” ဟုပြောလိုက်သည်။
ဒေါ်လှသွေးသည် မကွယ်လွန်မီ ပြောင်းလဲမှုတစ်ခုကို လုပ်သွားသည်။ ထိုပြောင်းလဲမှုမှာ အစွန့်ပယ်ခံဘ၀မှ လူတွေကိုစိတ်နာပြီး လူ့ဘောင်ကို ရှောင်ထွက်သွားခြင်းဖြစ်သည်။ လူတွေကသူ့ကိုရှောင်၊ သူက လူတွေကို ရှောင်ရင်း ဘ၀အဓိပ္ပာယ်ပျောက်ဆုံးနေခဲ့ရသည်။ သူမဘ၀ကို ပြန်လည်နိုးထလာစေသူများမှာ နောက်မှ ပြောင်းလာသည့် ဇနီးမောင်နှံနှစ်ယောက်ဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဖေးမကူရင်း ဘ၀အဓိပ္ပာယ် ကို ဖော်ဆောင်ကြည့်ကြသည်။ နောက်ဆုံးတွင် သူတို့အားလုံး ဘ၀အဓိပ္ပာယ်ကို ရှာတွေ့သွားကြသည်။

Published on Tuesday, 18 December 2012 06:33 Written by တင်ညွန့်

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews