Pages

Saturday, December 29, 2012

ဘာသာရေးနှင့် နိုင်ငံရေး

မြန်မာနိုင်ငံတွင် နိုင်ငံတော်ဘာသာဖြစ်သည့် ဗုဒ္ဓဘာသာနှင့် နိုင်ငံရေးမှာ ရောထွေး ယှက်တင် ဖြစ်ခဲ့သည်မှာ မြန်မာနိုင်ငံကို ဗုဒ္ဓဘာသာ ဝင်ရောက်လာသည့် ပုံဂံခေတ်မှပင် စတင်ခဲ့သည်ဆိုလျှင် မှားမည်မဟုတ်ပါ၊

ဘာသာရေး အတွက် စစ်ပွဲအခင်းအကျင်းများပင် ဖြစ်ခဲ့ကြရပါသည်၊ လူသားတွေစုပေါင်းနေထိုင်ကြသည့် နိုင်ငံတော်ရှိလျှင် နိုင်ငံရေးရှိမည်၊

ထိုလူသားတို့ ယုံကြည်ကိုးကွယ်သည့် ဘာသာရေးလည်းရှိမည်၊
လူထု၊ နိုင်ငံတော်၊ နိုင်ငံရေးနှင့် ဘာသာရေးမှာ ထာဝစဉ်ပူးတွဲနေမည်မှာ ဓမ္မတာပင်ဖြစ်ပါသည်။

သို့သော် မြန်မာနိုင်ငံတွင် လူများစု ယုံကြည်ကိုးကွယ်သော ဗုဒ္ဓဘာသာ၏ သဘောသဘာဝနှင့် အနှစ်သာရကို နားလည်ဖို့ လိုအပ်သလို နိုင်ငံရေး၏ သဘော သဘာဝကိုလည်း သိရှိဖို့လိုအပ်ပါသည်၊

သို့မှသားလျှင် နိုင်ငံရေးနှင့် ဘာသာရေး၏ ရောထွေးယှက်တင်မှု့သည် အကျိုးဖြစ်ထွန်းပါလိမ့်မည်၊ သို့မဟုတ်ပါက အဆိုးသာ ဖြစ်ထွန်းပါလိမ့်မည်၊

ကနဦးအားဖြင့် ဗုဒ္ဓဘာသာကို တင်ပြလိုပါသည်၊ မြတ်ဗုဒ္ဓသည် လူသားများအတွက်သာ ပွင့်တော်မူခဲ့သည်မဟုတ်ပါ၊ သုံးဆယ့်တစ်ဘုံအတွင်းရှိ ကျွတ်သင့်ကျွတ်ထိုက်သူများအတွက် ပွင့်တော်မူခဲ့ပါသည်၊

ဤသို့ဆိုလျှင် ဗုဒ္ဓဘာသာသည် မည်သည့် တိုင်းပြည်၊ မည်သည့် လူ့အဖွဲ့အစည်းနှင့် မည်သည့် ပါတီကိုမှ ကိုယ်စားမပြုသည်မှာ ထင်ရှားပါသည်။

ဗုဒ္ဓဘာသာသည် ဘဒ္ဒကမ္ဘာတခုတည်းအတွက်ကိုယ်စားပြုနေသည်မဟုတ်ဘဲ စင်္ကြာဝဠါ အနန္တကို ကိုယ်စားပြုသည်ဟုလည်း သဘောပေါက်ရပါမည်၊
မည်သို့ဆိုစေ မြတ်ဗုဒ္ဓပွင့်တော်မူလာရသည်မှာ လောကီအတွက်မဟုတ်ပါ၊

လောကီမှလွန်မြောက်ရာဖြစ်သည့် လောကုတ္တရာအတွက် အဓိကဖြစ်ပါသည်၊
သာမညအားဖြင့်သာ လောကီအတွက်ကို ထည့်တွက်ပါသည်၊ အဓိကနှင့် သာမည သဘောကို ခွဲခြား နားလည်မည်ဆိုပါက ဗုဒ္ဓဘာသာ ဟူသည် လောကုတ္တရာ အတွက် အဓိက ဖြစ်ပါသည်။

သို့သော် လောကုတ္တရာကို ရောက်ရှိပေါက်မြောက်ရန်မှာ လောကီနယ်တွင် ခုတ်ထွင်ရှင်းလင်းကျော်ဖြတ်ရင်းဖြင့် တိုက်ပွဲအမျိုးမျိုးကို ဖြတ်သန်းရမည်မှာ ဓမ္မတာသဘောပင်ဖြစ်ပါသည်၊ ဆိုလိုရင်းမှာ လောကုတ္တရာ ပန်းတိုင်ကို ရည်ရွယ်လျှက်လောကီတိုက်ပွဲကို ဆင်နွဲရခြင်းဖြစ်ပါသည်။ ဗုဒ္ဓဘာသာတွင်လောကီနှင့် လောကုတ္တရာ ဆက်စပ်ရသည့် သဘောမှာ ပန်းတိုင်ဖြစ်သော နိဗ္ဗာန်အတွက်ကြိုးစားပြင်ဆင်နေရသည့် အားထုတ်ချက်တို့ပေါင်းစည်းခြင်းပင် ဖြစ်ပါသည်။

ဤသို့ဆိုလျှင် လောကုတ္တရာ နိဗ္ဗာန်နှင့် မစပ်လျှင်းသော အရာကိစ္စများကို အားထုတ်ဆောင်ရွက်မှုများမှာ ဗုဒ္ဓဘာသာနှင့် မည်သို့မျှမပါတ်သက်ပါ။ ဤကဲ့သို့ ရှင်းရှင်းလင်းလင်း နားလည် သဘောပေါက်မှု့ မရှိလျှင် ဗုဒ္ဓဘာသာကို နိုင်ငံရေး၊ စီးပွါးရေး၊ လူမှု့ရေးနယ်ပယ် အသီးသီးတွင် ခုတုံးလုပ်အသုံးချနေခြင်းကို ခံကြရမည်သာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်များထဲတွင် သာသနာ့ဝန်ထမ်းနှင့် သာမန်ဗုဒ္ဓဘာသာဝင်များဟူ၍ နှစ်မျိုးရှိပါသည်၊ သာမန်ဗုဒ္ဓ ဘာသာဝင် များသည် ဘာသာရေးတွင် သာမက စီးပွါးရေး၊ နိုင်ငံရေး၊ လူမှုရေးစသည်တို့ကို တရားသဖြင့် ပြုလုပ်ခွင့်ရှိကြပါသည်၊

သာသနာ့ဝန်ထမ်း ရဟန်းသံဃာမှအစ သီလရှင်၊ ဖိုးသူတော် ကပ္ပိယ အဆုံးတို့သည် လောကုတ္တရာ၊ နိဗ္ဗာန်နှင့် မပတ်သက်သော၊ မသက်ရောက်သော၊ မရည်ရွယ်သော အလုပ်မှန်သမျှကို လုံးဝလုပ်ခွင့်မရှိပါ၊

အဘယ်ကြောင့်ဆိုသော် သံသာရ ဝတ္တ ဒုက္ခတော သံသရာဝတ်ဆင်းရဲအပေါင်းမှ ကျွတ်လွတ်စေခြင်းငှါ သာသနာ့ဝန်ကိုထမ်းပါမည်ဟု မြတ်ဗုဒ္ဓကို အာမဘန္တေပြုထားသည့်အတွက်ကြောင့် ဖြစ်ပါသည်၊

အချုပ်ဆိုရသော် သာသနာ့ ဝန်ထမ်းတို့သည် သာသနာတော်အတွက် အသက်နှင့် ခန္ဓာကိုပေးအပ်ထားကြရသည့်မှို့ သာသနာပ လောကီကိစ္စအဝဝကို လုံးဝလုပ်ပိုင်ခွင့် မရှိပါ၊

မြတ်ဗုဒ္ဓ၏ တရားတော်သည် သစ္စာတရားဖြစ်သည်မှို့ အလျှော့ အတင်းမရှိပါ၊
အတိမ်းအစောင်းလည်း မရှိပါ၊ အစဉ်အမြဲ တည့်မတ်ခိုင်မြဲနေပါသည်။

ဤနေရာတွင် မေးစရာ၊ စောဒကတက်စရာများရှိလာပါသည်၊ မြတ်ဗုဒ္ဓကိုယ်တော်မြတ်ကြီး လက်ထက်တော်အခါကပင် မင်းဘေး၊ စိုးဘေး၊ ခိုးသူဘေး ရောဂါဘယဘေး၊ ရာသီဥတုဘေး၊ ဘီလူးသဘက်တို့ဘေးမှ လွတ်ကင်းအောင် ပရိတ်တရား တော်များဖြင့် တိုင်းသူပြည်သားတို့ကို ကာကွယ်စောင့်ရှောက်ခဲ့ကြသည် မဟုတ်ပါလား ဟူ၍လည်းကောင်း၊ တဘက်နှင့် တဘက် တပြည်နှင့် တပြည်တိုက်ကြ ခိုက်ကြ စစ်ပြုကြသည့် အခါများတွင်လည်း အခွင့်သင့်သလို ရဟန်းသံဃာများက ဝင်ရောက်ဖြေရှင်းကြေအေးစေခဲ့သည်များ ရှိခဲ့ပါသည်ဟူ၍လည်းကောင်း ပြောနိုင်ကြမည်ဖြစ်ပါသည်၊

ဤသို့ဆိုသော်လည်း ရဟန်းသံဃာတို့သည် သာမန် လူဝတ်ကြောင်များကဲ့သို့ လောကီကိစ္စများကို ဝင်ရောက်ဖြေရှင်း ပေးနေသည်ဆိုလျှင် အမှားကြီး မှားပါလိမ့်မည်၊

အဘယ်ကြောင့်ဆိုသော် သာသနာ့ဝန်ထမ်းရဟန်းတို့၏ အဓိက ရည်ရွယ်ချက် ပန်းတိုင်ကို လှမ်းကိုင်နိုင်မည့် အခွင့်အရေးကို လက်လွတ် သွားနိုင်သောကြောင့် ဖြစ်ပါသည်။

ဤသို့ဆိုလျှင် ရဟန်းသံဃာတို့အတွက် မိမိတို့ကိုယ်စားပြုနေသည့် တိုင်းပြည်နှင့် လူမျိုး တပည့် တကာ တကာမတို့ အရေးကိစ္စသည် မိမိတို့၏ အရေးကိစ္စဟု မခံယူကြရဘူးတဲ့လား၊ လစ်လျူရှု့ထားကြရမည်တဲ့လားဟု မေးလျှင် လစ်လျူရှုစရာမလိုပါ၊ br>
မိမိတို့အရေးကိစ္စဟုပင်ခံယူဆောင်ရွက် နိုင်ကြပါသည်၊ ရပ်ရေး ရွာရေး ကျောင်းကန် ဘုရား အရေးကိစ္စများကိုလည်း ဥပေက္ခါ မပြုသင့်ပါ၊

သို့သော် ရဟန်းသံဃာနှင့် သာသနာ့ဝန်ထမ်းတို့၏ အဓိက တာဝန်ဖြစ်သည့် လောကုတ္တရာဆိုင်ရာ နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်ကိုဖြင့် ထိခိုက်ပျက်ပြား လျှော့နည်းဖောက်ဖျက်မှုကိုတော့ လုံးဝမဖြစ်စေရပါ၊

လောကီ၏ မပြီးဆုံးနှိုင်သည့် ပဋိပက္ခများနှင့် ပြဿနာများကြောင့် နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်းကို အထိခိုက်ခံမည်ဆိုလျှင် သာသနာ့ ဝန်ထမ်း မမည်တော့ပါ၊
လောကဝန်ထမ်းသာဖြစ်ပါလိမ့်မည်။

တိုင်းပြည်အေးချမ်းမှ၊ လွတ်လပ်မှ၊ ဒီမိုကရေစီရမှ သာသနာပြုရမည်ဟုလည်း အဆိုအမိန့်မရှိပါ၊ မြတ်ဗုဒ္ဓ၏ သာသနာတော် ပြန့်ပွား ခိုင်မြဲနေရသည့် အကြောင်းမှာလည်း မြတ်ဗုဒ္ဓဂုဏ် ကျေးဇူး၊ တရားတော်မြတ်နှင့် သံဃာတော်မြတ်တို့၏ ဂုဏ်ကျေးဇူးကြောင့် ပင်ဖြစ် ပါသည်၊

သံဃာတော်များ နိုင်ငံရေးကိစ္စဆောင်ရွက်ကြလို့ မဟုတ်ပါ။ သို့သော် သာသနာတော်၏ ခရီးသည် အနိမ့်အမြင့် အနုအကြမ်းတို့ဖြင့် လွယ်ချည်တခါ ခက်ချည်တလှည့် ခရီးဆက်ခဲ့ရပါသည်၊

သာသနာတော် သမိုင်းတွင် ရဟန်းသံဃာများ ထောင်သောင်းချီ၍ သုတ်သင် သတ်ဖြတ်ခံရခြင်း၊ ဘုန်းကြီးကျောင်းများ ထောင်သောင်းချီ၍ ဖျက်ဆီးခံရခြင်း၊ ပိဋကတ်စာပေကျမ်းဂန်များစွာ ဖျက်ဆီးခံရခြင်းများလည်းရှိခဲ့ပါသည်၊

သို့ပေမင့် သာသနာတော်ကြီးသည်ကား ပျောက်ပျက် မသွားပါ၊ ရတနာ မြတ်သုံးပါး ဂုဏ်ကျေးဇူးတော်ကြောင့် နောက်နှစ်ပေါင်းနှစ်ထောင့် ငါးရာ နီးပါးမျှ တည်တန့် နေပါအုံးမည်၊

ယုံကြည်ချက်နှင့် လက်တွေ့ကို မှန်ကန်စွာ ပေါင်းစပ်လျှက် သက်သေအမှန်ပြ ဆိုနိုင်သည့် ဗုဒ္ဓဘာသာဖြစ်သည့် အားလျှော်စွာ သာသနာတော်သည် သက်တမ်းပြည့်တည်နေနိုင်မည်သာ ဖြစ်ပါသည်။

သာသနာ့ ဝန်ထမ်း ရဟန်းတို့အနေဖြင့် သာသနာတော်၏ အဓိက ပြဋ္ဌာန်းချက် ဖြစ်သော တရားမှန် (သီအိုရီအမှန်)ကို ဆရာမှန်၏ အထံမှ ရအောင် ဆည်းပူးလေ့လာ၍ အကျင့်မှန်ကို မြတ်စွာဘုရား၏ အလိုကျ ကျင့်ကြံခြင်းသည်သာ သာသနာကို ထိမ်းသိမ်းရာ စောင့်ရှောက်ရာ ကျပါသည်။

အခြားသော သာသနာ အထောက်အကူပြု နိုင်ငံရေး၊ လူမှုရေး ကိစ္စတို့ကို အဓိကတာဝန်ကို အထိခိုက်မခံကြဘဲ သာမညနေရာမှာထား၍သာ ဆောင်ရွက် သင့်ကြပါသည်၊

မြန်မာနိုင်ငံတွင် အကျင့်မဖက် စာသက်သက်ဖြင့် သာသနာတော်ကြီး ရေစုန်မျောနေသည့် အခါသမယတွင် သာမညနှင့် အဓိကကို နေရာမှားပြီး ဆောင်ရွက်နေကြသူ နာမည်ရ ပုဂ္ဂိုလ်တို့ကလည်း အကျင့်ကို မဖက်သည်ကို ဆုကြီးပန်ဟုဆိုကြပြန်ပါသည်။

ပို၍ဆိုးတာက ပြည်တွင်းတွင်သာမက ပြည်ပမှာပါ ငွေနှင့်ဒေါ်လာကို သဲသဲမဲမဲရှာဖွေနေကြခြင်းပင်ဖြစ်ပါသည်၊
သာသနာတော်တွင် မဖြစ်ကောင်းသည့် ကိစ္စများပါ။

အကျင့်မဖက်စာသက်သက်ဖြင့် တရားဟော စာပြော ငွေရှာ ငွေစု လူမှု့ကိစ္စအဝဝတို့ထဲတွင် ရေစုန် မျောနေသည့် သာသနာတော်ကို သာသနာ့ အာဇာနည်ကြီးများက အဖတ်ဆယ် လမ်းတည့်ပေးနေသည်ကိုလည်း မနာလို မစ္ဆေရဖြင့် တိုက်ခိုက်နေသည်ကိုလည်း တွေ့နေရပြန်ပါသည်၊

သာသနာ့ဂိုဏ်းသားချင်း အတွင်းမှာသည်ပင် အဓိကနှင့် သာမညကို နေရာမှားပြီး အယူလွဲက အယူမှန်ကို ဆန့်ကျင်တိုက်ခိုက်နေသည်မှာ ဗုဒ္ဓဘာသာအတွက် များစွာ ဝမ်းနည်းစရာကောင်းလှပါသည်၊ ဗုဒ္ဓဘာသာတွင် သာသနာ့ ဝန်ထမ်းရဟန်းတို့၏ နိုင်ငံရေး၊ လူမှုရေးကိစ္စများတွင် ဝင်ရောက်ဆောင်ရွက်ရမည့် ကိစ္စမှာ မြတ်ဗုဒ္ဓက ခွင့်ပြုထားသည့် ဝိနည်းစည်းကမ်းဘောင်ကို လုံးဝကျော်လွန်ခြင်းမရှိစေရပါ၊ ဤသည်ကား သာသနာရေးနှင့် နိုင်ငံရေးအကြား ပြတ်သားစွာ ပိုင်းခြားထားသည့် မှတ်တိုင်ပင်ဖြစ်ပါသည်။

ကိုလိုနီခေတ်၊ ဝံသာနုခေတ် ဦးဘဘေတို့ လက်ထက်က အင်္ဂလိပ် အစိုးရဦးစီးသည့် လွှတ်တော်ထဲတွင် ကိုယ်စားလှယ်အဖြစ် ဘုန်းကြီးများ ပါဝင်ခွင့်ရရေး အဆိုတင်မှုများပင် ရှိခဲ့ပါသည်၊

အကယ်၍ ဤအဆိုသာ အောင်မြင် တည်တံ့ခဲ့ပါက ဗုဒ္ဓသာသနာ တော်ကြီးသည် မြန်မာပြည်မှာ သံဃာစင်ပါ မှောက်ရမည့် ကိန်းပါလား၊ ကံကောင်းလို့ ဤအဆို မအောင်မြင်ခဲ့ပါ၊

နိုင်ငံရေးသည် နိုင်ငံသားများဖြစ်သည့် လူဝတ်ကြောင်များ၏ အဓိက အရေးဖြစ်ပါသည်၊
လူဝတ်ကြောင်များအနေဖြင့် နိုင်ငံရေးကို အဓိကတာဝန်အဖြစ်လည်းကောင်း၊ ဘာသာရေးကို သာမည တာဝန်အဖြစ်လည်းကောင်း ဆောင်ရွက်သည်ကိုလည်း ကဲ့ရဲ့ရှုံ့ချစရာအကြောင်းမရှိပါ၊

လူအလုပ် လူလုပ်နေသည်ဟုပင်ဆိုရပါမည်၊ သို့သော် လူဝတ်ကြောင်တို့သည် ဘာသာရေးကို ခုတုံးလုပ် ဘန်းပြ၍ နိုင်ငံရေး၊ စီးပွါးရေး အမြတ်ထုတ် လုပ်ကိုင်ပြီ ဆိုလျှင်ဖြင့် လွန်စွာ မိုက်မဲသည့် ပြစ်မှု့ကြီး ပါပေ။

ခေတ်အဆက်ဆက်တွင် ဘုရင်များ၊ နယ်စား ပယ်စားများ၊ အစိုးရများနှင့် အုပ်ချုပ်ရေးဆိုင်ရာများတို့သည် သူတို့သြဇာ ကြီးမားရေး၊ အာဏာတည် တန့်ရေးတို့ အတွက် ဗုဒ္ဓ ဘာသာကို ခုတုံးလုပ်ခဲ့ကြသည်များ ရှိပါသည်၊

ယ္ခုခေတ်တွင်လည်း အုပ်စိုးသူရော အတိုက်အခံပါ နိုင်ငံရေးအတွက် ဘာသာရေးကို ထည့်သွင်း အသုံးချနေကြသည်များလည်း ရှိပါသည်၊

အမှန်စင်စစ် အုပ်ချုပ်သူ အစိုးရရော အတိုက်အခံများပါ နှစ်ဘက်လုံးသည် မိမိတို့နိုင်ငံရေးတွင် ဘာသာရေးကို ထည့်သွင်းအသုံးမချ သင့်ပါ၊

သာသနာ့ ဝန်ထမ်းရှင်ရဟန်းတို့အား သာသနာ့ တာဝန်ကို ပီပြင်အောင် ထမ်းဆောင်နိုင်စေရန် အလို့ငှာနှစ်ဘက်လုံးက တိုက်တွန်းအား ပေးကြရန်သာ ဖြစ်ပါသည်၊

ထိုနည်းတူ သာသနာ့ဝန်ထမ်းတို့ကလည်း မိမိတို့၏ အဓိကတာဝန်ကို လိုက်နာပြီး လူတို့၏ ကိစ္စစရိုက်အတွက် အသုံးချ မခံရစေရန် အစဉ်အမြဲ သတိရှိဖို့ လိုပါသည်။

သာသနာ့ ဝန်ထမ်း ရဟန်းပင်ဖြစ်သော်လည်း လောကုတ္တရာ ဓါတ် နိဗ္ဗာန်မြတ်ကို ဦးမတည်ဘဲ လောကီချမ်းသာကိုသာ ရှာကြံနေချင်ဇောဖြင့် လူတို့၏ နိုင်ငံရေး၊ စီးပွါးရေးအရ အသုံးချ ခံနေချင်သည် ဆိုလျှင်လည်း ဆိုးဝါးသည့် သံသရာဘေးမှ ပြေးမလွတ်ဘဲ ရှိပါလိမ့်မည်။

အသုံးချချင်သည့် လူဝတ်ကြောင်များနှင့် အသုံးချခံချင်သည့် သင်္ခန်းဝတ်တို့ နှစ်ဘက်လုံးသည် သာသနာတော်ကို ပြစ်မှား စော်ကားကြ သည်သာဖြစ်နေသဖြင့် အပြစ်ကား ကြီးလေးလှ ပါတော့သည်။

အပါယ်မှ တပါးအခြားမရှိပါ။

ရဟန်း သံဃာ သာသနာ့ ဝန်ထမ်းများ၏ ဘက်မှ ပြုပြုသမျှသော ဘုရားတည်ကျောင်းဆောက် လမ်းဖေါက် စာသင်စာချ၊ ရေတွင်းတူး ကန်ဆယ်၊ တက္ကသိုလ်တည်၊ မိဘမဲ့ စောင့်ရှောက်၊ ဒုက္ခသည်ကူ စသည်တို့အတွက် ငွေရှာ ငွေစု၊ ရင်းနှီးမြုပ်နှံ အဆုံး ကိစ္စအဝဝတို့ကို ရဟန်းသံဃာများ ဆောင်ရွက် လုပ်ကိုင်နေခြင်းနှင့် မေတ္တာပို့ ဆန္ဒပြ နိုင်ငံရေးကိစ္စများဆိုသည်များမှာ ကုသိုလ်ကောင်းမှု့ များထဲတွင် အကျုံးဝင်သည်မှို့ မပစ်ပယ်ထိုက်ပါ၊

ဆောင်ရွက်အပ်သည်သာဖြစ်ပါသည်၊ သို့သော် သာသနာ့ ဝန်ထမ်းများအဖို့ ၎င်းကိစ္စများသည် သာမည နေရာမှာသာ ထားပြီး လုပ်ဆောင် အပ်ပါသည်။

ဤသို့ သာမညနေရာမှာထားပြိး လုပ်ဆောင်သော်မှ ရည်ရွယ်ချက်နှင့် ရှေးရှု့မှု့လမ်းလွဲနေလျှင်လည်း အကျိုးထက် အဆိုးသာဖြစ်သွားနိုင်ပါသည်။

ကမ္ဘာပေါ်တွင် လူမျိုးအသီးသီး ဘာသာအမျိုးမျိုးရှိနေပါသည်၊ သူတို့လည်းကောင်းမှု့မြတ်နိုးသူများပင် ဖြစ်ကြသဖြင့် လူသားကောင်းကျိုးအတွက် တဦးချင်းဖြစ်စေ အဖွဲ့အစည်းနှင့် ဖြစ်စေလုပ်ကိုင် ဆောင်ရွက်နေကြသည်သာဖြစ်ပါသည်၊

သို့သော် ဗုဒ္ဓဘာသာ သာသနာ့ ဝန်ထမ်းတို့အနေဖြင့် လူသားကောင်းကျိုးကို အထောက်အကူပြုဖြစ်စေရန်အလို့ငှါ လောကီလောကီကောင်းကျိုးကို ဆောင်ရွက်ခြင်းသာဖြစ်ထိုက်ပါသည်၊

ဆိုလိုသည်မှာ သာသနာ့ဝန်ထမ်း ရဟန်းတို့သည် လောကုတ္တရာကောင်းကျိုးမှ သွေဖီသော လောကီ ကောင်းကျိုးကိစ္စများအား ရွက်ဆောင်ကြရာတွင် မိမိတို့ အဓိက ထားရမည့် လောကုတ္တရာလမ်းစဉ်နှင့် အကျင့်တို့ကို လုံးဝအထိခိုက် ခံ၍ မရပါ၊

တိုင်းပြည်မှာ စစ်မီးလျှံတွေတောက်နေလို့ စစ်မီးလျှံတွေကို အရင် ငြိမ်းသတ်ပြီး အေးဆေးငြိမ်သက်မှ သာသနာတော်၏ အဆုံးအမ အတိုင်းလိုက်နာ မည်ဟူ၍ မလုပ်ကောင်းပါ၊

ဗုဒ္ဓဘာသာဝင်တို့အတွက် ဦးခေါင်းမီးလောင် ရင်ဝလှံစူး ဖြစ်နေသော်မှ တရားရအောင်သာ ဦးစွာဆောင်ရွက်လိုက်ပါ၊ ပြီးမှ မီးငြိမ်းခြင်း လှံနှုတ်ခြင်းအမှုကို ပြုလိုက်ပါဟူ၍ မြတ်ဗုဒ္ဓ၏ အဆိုအဆုံးအမရှိခဲ့သည်မဟုတ်ပါလား၊ သာသနာ့ဝန်ထမ်းတို့အတွက်ဟူမူ ဆိုဘွယ်ရာမရှိချေ။

အချုပ်ဆိုရသော် မြတ်ဗုဒ္ဓသာသနာတော်သည် ကျွတ်သင့်ကျွတ်ထိုက်သည့် ဝေနေယျအားလုံးတို့အတွက် လုပ်ဆောင်ရမည့် အဆုံးအမသာဖြစ်ပါသည်၊

ဒါကြောင့် သာသနာ့ ဝန်ထမ်းရဟန်းတို့သည် ကိုယ်တိုင် အရိယာဖြစ်ရေးကို ဦးစားပေးဆောင်ရွက်ပြီး တပည့် ဒကာ ဒကာမ အပေါင်းတို့ကိုလည်း အရိယာဖြစ်ရေး လမ်းညွှန်ပြသပေးရမည့် အမှု့သာ ဖြစ်ပါသည်၊

အခြားသော လူမှုရေး နိုင်ငံရေးကိစ္စများမှာ လူသတ္တဝါတို့နှင့် ကျွတ်တန်းမဝင်နှိုင်သေးသူများအတွက်သာ ဖြစ်နေသည်မို့ သာသနာပ တရားထဲတွင်သာရှိနေပါသည်၊
ထို့ကြောင့် ရဟန်းသံဃာများ အနေဖြင့် သာသနာတွင်းလုပ်ငန်းနှင့် သာသနာတွင်းကိစ္စများကို အထောက် အကူပြုမည့် သာသနာပ လုပ်ငန်းများကိုသာ လုပ်သင့်ပါသည်၊

သာသနာ့ ဘောင်ထဲသို့ ဝင်ရောက်ပြီး သာသနာပ ကိစ္စများနှင့်သာ အချိန်ကုန် လူပန်းဖြစ်နေလျှင်လည်း သာသနာကို ဖျက်ရာရောက်ပါသည်။

ထို့ကြောင့် သာသနာ့ဝန်ထမ်းများကလည်း နိုင်ငံရေး လူမှုရေးတို့ကို အသုံးချ၊ ခုတုံးလုပ် ဘန်းပြပြီး သာသနာပြုသလိုလိုနှင့် သာသနာပ ကိစ္စများကို မလုပ်သင့်ကြသလို နိုင်ငံရေးသမားများကလည်း လူတို့ကိုးကွယ်ယုံကြည်ကြသည့် ဘာသာရေးကို အသုံးချ၊ ခုတုံးလုပ် ဘန်းပြပြီး နိုင်ငံရေးလုပ် ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု့များကိုလည်း မလုပ်ထိုက်ကြပါ။

ဆရာ ဒကာ တည့်အောင်ရှာ၊ ဘာသာရေးနှင့် နိုင်ငံရေးပေါင်းဖက်ပြီး နှစ်ဘက်စလုံးက ကိုယ်ကျိုးရှာ အမြတ်ထုတ်မှု့မျိုးကိုလည်း မလုပ်သင့် မလုပ်ထိုက်ပါ၊

မြတ်ဗုဒ္ဓသာသနာတော်နှင့် ပါတ်သက်လာလျှင် ကိုယ်ပြုသမျှကံသည် ကိုယ့်ထံသို့သာ ပြန်လာမည်ဖြစ်ကြောင်း စေတနာကောင်းနှင့် တင်ပြလိုက်ရပါကြောင်း။

--နေရဗာန်
၁၁- -၂၀၁၁

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Affiliate Network Reviews